ဖုန်းNoti နှင့် အထက်တန်းကျောင်းသားဘဝအမှတ်တရအား ပြန်လည်ခံစားခြင်း
6 comments
ဖုန်း Message box ထဲတွင် Noti များပြည့်နေသည်။ အထူးသဖြင့်တော့ ဖုန်းပြောမိနစ်နဲ့ Internet MB တွေကို Promotion လုပ်သော Message များသာဖြစ်ကြသည်။ ထိုထဲမှ ထူးထူးခြားခြားတစ်ခုရှိသည်။
ကပ္ပလီပင်လယ်နှင့်ဘင်္ဂလားပင်လယ်အော်တွင်မုတ်သုံလေအားအလွန်ကောင်းသောကြောင့်ယနေ့မှ၂၈-၇-၂၅ရက်နေ့အတွင်းမြန်မာနိုင်ငံ အဝှမ်းနေရာစိပ်စိပ်မှနေရာအနှံ့အပြားမိုးထစ်ချုန်းရွာကာဒေသအလိုက်နေရာကွက်၍မိုးကြီးမည်။မြန်မာ့ကမ်းရိုးတန်းနှင့်ကမ်းလွန်ပင်လယ် တို့တွင်ရံဖန်ရံခါမိုးသက်လေပြင်းကျပြီးလှိုင်းအလွန်ကြီးမည်၊မိုးသက်လေပြင်းစဉ်ရေပြင်မြေပြင်လေသည်တစ်နာရီမိုင်၄၀မှ၄၅အထိတိုက် ခတ်နိုင်၊လှိုင်းအမြင့်မှာ၁၀ပေမှ၁၆ပေခန့်ရှိနိုင်
ည ၁၀ နာရီခန့်မှ စတင်၍ မိုးရွာသည်။ ယနေ့မနက် ၁၀ နာရီဝန်းကျင်အထိ မနားတမ်း ရွာကောင်းနေသောမိုးသည် ကျွန်တော့်အား စာအုပ်တစ်အုပ်အား ဖတ်စေခဲ့ပါသည်။ "မင်းလူ" ၏ "ပန်းကျောင်း" ဖြစ်သည်။ စာမျက်နှာ တစ်ဝက်ထိမရောက်သေး၊ တခိခိနှင့် ရယ်မောနေရသည်။ ၁၀ တန်း ကျောင်းသားများရဲ့ ဘဝကိုအခြေခံပြီး ပေါ့ပါးသွက်လက်စွာ ရေးထားသော ဝတ္ထုတို ဖြစ်သည်။ သည်ဝတ္ထုက နဂိုပကတိဖြူစင်သော ကျွန်တော်၏ ကျောင်းသားဘဝကို အမှတ်ရစေသည်။
သည်ဝတ္ထုထဲက ရယ်စရာ အဖြစ်လိုမျိုး ကျွန်တော်ကြုံဖူးခဲ့တာကို မျှဝေပေးချင်မိသည်။ မနက်ခင်း ကျောင်းတက်ချိန်ဆိုလျှင် အတန်းပိုင်းဆရာမမှ ကျောင်းသားစရင်းစစ်ပြီး နေ့ခင်းမှာတော့ ဘာသာပြ ဆရာမမှ စစ်ရသည်။ အတန်းပိုင်းဆရာမက အသက်ကြီးပြီး အေးဆေးတည်ငြိမ်လှသည်မို့ ကျောင်းသားများက မစနောက်ရဲကြပေ။ တစ်နေ့ခင်းမှာတော့ အသက် ၂၀ ခန့်သာရှိသေးသည့် ငယ်ငယ်ချောချော English ဘာသာပြ ဆရာမဖြစ်သည့် "ဒေါ်အေးသွယ် " မှကျောင်းသားစရင်းစစ်သည်။ ဆရာမက နာမည်ခေါ်သည်။
"အောင်မြင့်"
"ရှိ"
"မေသဇင်"
"ရှိပါတယ်ရှင့်"
ကျောင်းမလာသော မိန်းကလေး ကျောင်းသူအတွက်မူ မိန်းကလေးအားလုံးက "မလာပါဘူး" ဟုဖြေကြသည်။ ဒါကိုစနောက်ချင်သော ကျွန်တော်က "လင်နောက်လိုက်သွားပြီ" ဟုမသိမသာ အော်ပြောသည်။ ကျွန်တော်တို့ ယောကျာ်းလေးများက ဝိုင်းရယ်ကြသည်။ ထိုစဉ်က ၈တန်းကျောင်းသူလေးတစ်ယောက်မှ သူမ၏ ကောင်လေးနှင့် ခိုးရာလိုက်ပြေးသွားသည့်သတင်းကို အထက်တန်းကျောင်းသူအချင်းချင်း၊ ကျောင်းသားအချင်းချင်းတွင် တီးတိုးပြောဆိုနေကြသောအချိန်လည်း ဖြစ်သည်။ ဆရာမက ကျွန်တော်ပြောသော စကားကိုမကြားပါ။ ထို့ကြောင့် ရယ်မောနေသော ကျွန်တော်တို့ ယောကျာ်းလေးများကို ဆရာမက မျက်မှန်ကိုလက်ဖြင့် မပြီး မျက်စောင်းထိုးသည်။ ဆရာမက ကြောက်စရာမကောင်းပဲ ပို၍ ချစ်ဖို့ကောင်းနေ၍ ကျွန်တော်တို့ ယောကျာ်းလေးများက စချင်၊ နောက်ချင်ကြခြင်း ဖြစ်သည်။
ကျောင်းသားဘဝသည် ဖြူစင်သည်။ သွပ်လတ်သည်။ စိတ်ထဲရှိသည့်အတိုင်း ပြုမူနေထိုင်ကြသည်။ ကျောင်းသားဘဝတုန်းက သူငယ်ချင်းများကို သတိရမိသည်။ ယခုဆိုလျှင် သူတို့တွေ အိမ်ထောင်ကျကာ ကလေးတွေ ကိုယ်စီရှိနေကြပြီလား?။ အောင်မြင်တဲ့ လုပ်ငန်းရှင်ကြီးတွေ၊ စီးပွားရေးသမားတွေဖြစ်နေကြပြီလား?။ ကျွန်တော့်ကတော့ အိမ်ထောင်မပြုသေးပါ။ မအောင်မြင်သေးပါ။ စီပွားရေးလုပ်ငန်းရှင်လည်း မဟုတ်ပါ။ သာမန် Hive Blog တွင် အတွေးတွေကို ချပြနေသော အသက် ၃၀ အရွယ် လူလတ်ပိုင်းတစ်ယောက်သာ ဖြစ်ပါတော့သည်။
ကိုကိုမိုးဟိန်း
KoKoMoeHein
@myanmarkoko
Comments