ရေးပါ တင်ပါ
5 comments

ဒီလထဲ ပိုစ့်တင်ဖို့ နှစ်ရက် ပျက်ကွက်ခဲ့ရ၏။ လွန်ခဲ့သော တပတ်ကျော်လောက်ကရယ်၊ မနေ့ကရယ်။ ပထမ တခေါက်တုန်းက ပိုစ့်တင်ချိန် ကျော်သွားလို့ မတင်လိုက်ရပေ။ မနေ့ကကြ ရေးထားပြီးသား မရှိတာရယ်။ တင်နေကြအချိန်နဲ့ ကပ်နေပြီမို့ အမြန်လည်း မရေးနိုင်တော့တာနဲ့ မတင် လိုက်ရခြင်း ဖြစ်၏။ နှစ်ရက်လုံးမှာ ပိုစ့် မတင်လိုက်ရသည့် အဓိက အကြောင်းရင်းက ရေးထားသည့်စာ မရှိသောကြောင့် ဖြစ်လေ၏။
ဟိုးလများစွာတုန်းက ရေးထားသည့် ပိုစ့်စီးရီးတခုတော့ ရှိပါ၏။ ဒါပေမယ့် တရက်တလေ အတွက်နဲ့တော့ အဆိုပါ စီးရီးကို မသုံးလိုသဖြင့် ပိုစ့်တင်ခြင်းကို ပျက်ကွက်လိုက်ရလေ၏။ ခုက တရက်ကြို မရေးဖြစ်ဘဲ ညနေတင်မယ်ဆို မနက်မှာ ရေးခြင်း ဖြစ်၏။ ဆွမ်းလောင်းပြီးချိန်မှာပေါ့။ ပြန်အိပ်ဖြစ်သွားရင်တော့ နေ့လည်မှာ ရေးပြီး မအိပ်ဖြစ်ရင်တော့ မနက်ခင်းမှာ ကတည်းက ရေးလိုက်လေ့ ရှိ၏။

မနေ့က Futsal အုပ်စု အဖွင့်ပွဲ ပထမဆုံးရက် ဖြစ်နေတာရယ် အချိန်ကလည်း မနက် ၈ နာရီအစောပွဲ ဖြစ်နေတာနဲ့ စာရေးချိန် မရလိုက်ပေ။ နေ့လည် ရေးမယ် ပေါ့။ ဒါပေမယ့် နေ့လည်မှာ တဖက်အုပ်စု ပွဲစဉ် (ရှုံးထွက် အဆင့်မှာ ကျနော်တို့နှင့် တွေ့နိုင်သည့် အသင်း) ကို သွားကြည့်နေတာနဲ့ မရေးလိုက်ရပြန်ပေ။
၃ နာရီထိုးတော့ အား၏။ သို့ပေမယ့် ပိုစ့်တင်ချိန်ကို ၃ နာရီခွဲ နောက်ဆုံးထားတင်ဖို့ ရည်စူးထားတော့ ရေးဖို့ အချိန် မရတော့ပေ။ အမှန်တော့ တကယ် ရေးရင်မှီနိုင်ပါ၏။ အိုင်ဒီယာ ရှိနေရင် ပိုစ့်တခုအတွက် ကြာချိန်က ၁၅ မိနစ်လောက်သာ ရှိပါ၏။ ဒါပေမယ့် ပွဲကစားထားတော့ အနည်းငယ် ပင်ပန်းနေတာကော၊ ရေးချင်စိတ် သိပ်မရှိနေတာနဲ့ကော ပိုစ့် မတင်တော့ဘူးဟု ထားလိုက်၏။
အကောင်းဆုံးကတော့ အရင်လို တရက် ကြိုတင်ရေးထားနိုင်ရင် အကောင်းဆုံး ဖြစ်လေ၏။ ဒါမှ မဟုတ်လည်း မနက်အစောပေါ့။ ဒီနေ့တော့ မနက်ပိုင်း ကတည်းက တင်ကြိုရေးထားလိုက်၏။ ဒီနေ့ပါ ထပ်ပျက်ရင် မတန်တော့ပေ။ ပြီး ပိုစ့်တင်ချိန်ကိုပါ ပြောင်းရမလား တွေးမိပြန်၏။ မနက် ရေးပြီးတာနဲ့ တန်းတင်ပေါ့။ ထိုသို့လည်း မလုပ်ချင်ပြန်ပေ။ ဘာကြောင့်ရယ်တော့ မသိ နေ့လည် ၃ နာရီ ဝန်းကျင်မှာ ပိုစ့်တင်ရတာကို ပို၍သဘောကျမိနေလေ၏။

Comments