နေရာတကာ မိုး
7 comments

မနေ့ကစလို့ မနက်ခင်း သိသိသာသာ အေးလာ၏။ ဒီနေ့ မနက်လည်း အေး၏။ ဆွမ်းတော်တင်၊ ဆွမ်းလောင်းလှူချိန် အေးနေသည်ကို သတိထားမိခြင်း ဖြစ်၏။ ဆောင်းဝင်ပြီထင်။ အမှန်တော့ ဒီမှာက သီတင်းကျွတ်ပြီဆိုတာနဲ့ အေးနေကြ ဖြစ်၏။ သို့ပေမယ့် မိုးက မကုန်သေးတော့ အေးတာ မသိသာနေခြင်း ဖြစ်၏။ ဒီရက်ပိုင်း မိုးလည်း ရပ်ရော အအေးလည်း ပိုရော။
မိုးသား မိုးတိမ်တွေ မမြင်ရတော့ဘူး ဆိုပေမယ့် တိမ်တွေတော့ ရှိနေသေး၏။ ဆောင်း၏ ကောင်းကင် အစစ် အနေအထားမျိုးထိတော့ မရောက်သေးပေ။ ဒီရက်ပိုင်း ရာသီဥတု ပုံစံအရတော့ မိုးကုန်ပြီဟု ပြောလို့ရမည် ထင်ပါ၏။ အတိအကျက မပြောရဲ အစိုးရသည့်အထဲ ရာသီဥတုမှ မပါဘဲကိုး။
တခြား ဒေသတွေတော့ မသိ ကျနော်တို့ဘက်မှာက သင်္ကြန်လည်း မိုးရွာ၏။ သင်္ကြန်တွင်း ရွာလေ့ ရှိသည့် သင်္ကြန်မိုး မဟုတ် တကယ်ရွာသည့် မိုးမျိုး ဖြစ်၏။ ပွဲဖျက်တဲ့ မိုးလို့ ဆိုလေမလား အဲ့လိုကြီးကို ရွာ၏။ မရွာရင် တနေ့ကုန် နီးပါး မိုးတွေ အုံ့နေလေ့ ရှိ၏။ တောင်ပေါ်ဒေသပါဆို မိုးရွာ၊ မိုးအုံ့နေမှတော့ သင်္ကြန်က ဘယ်မှာ အဆင်ပြေပါတော့မည်နည်း။ ဘယ်မှာ ပျော်ဖို့ ကောင်းပါမည်နည်း။

နွေမှာမှ မဟုတ် ဆောင်းမှာလည်း မိုးရွာ၏။ တန်ဆောင်တိုင်မှာလည်း မထင်ရင် မထင်သလို ကိုယ်ရွှေမိုးက ရွာလေ့ ရှိ၏။ လွန်လေပြီးသော နှစ်တွေ (ကျနော်တို့ ပွဲလည်တုန်းကပေါ့) ကတည်းက ရွာလေ့ ရှိ၏။ တနှစ်ကဆို ရက်ဆက် ရွာလို့ တန်ဆောင်တိုင် ပွဲတော်ကြီးကို ရက်တိုး ရက်ပြောင်းရတာမျိုးတောင် ရှိခဲ့၏။
တောင်ပေါ်မိုးက မိုးရာသီမှ မဟုတ် နွေကော ဆောင်းကော နယ်ကျော် ရွာချင်သည့်အခါ ရွာလေ့ ရှိ၏။ အလွန်အကျွံရယ်မှ မဟုတ်ရင် ပူခြင်း အေးခြင်းက ပွဲအခမ်းအနားတွေ ပျက် ဖျက်ရလေ့ မရှိပေမယ့် မိုးကတော့ ပွဲတွေကို ပျက် ဖျက်လေ့ ရှိသည် မဟုတ်လား။
October နောက်ဆုံးပတ်ထဲမှာ တန်ဆောင်တိုင်ပွဲတော် စတင်ကျင်းပမည်ဟု သိရ၏။ ရက်တော့ အတိအကျ မသိသေးပေ။ ကျနော်ကတော့ လည်ဖြစ်မည် မဟုတ်ပေ။ တန်ဆောင်တိုင်ပွဲတော်ကို နှစ်သက်သူ ဖြစ်ပေမယ့် မလည်ဖြစ်တာ ကြာခဲ့ပြီ။ တချိန်ချိန်တော့ လည်ပတ် ဖြစ်ပါမည်။ ကျနော်တို့၏ အချိန် ပြန်ရောက်တဲ့အခါပေါ့။

Comments