လုံခြုံမှု

14 comments

donjaun1.5 K2 years ago2 min read

https://images.ecency.com/DQmQdpsfGFFWVBEKfbXNaDRaoDdax5DT7ZDiNET3Ud7areP/img_0.19370467788780546.jpg

ခေတ်ဆိုး ခေတ်ပျက်ကြီးရယ်လို့ မဟုတ်ပေမယ့် ခေတ် မကောင်းတာကတော့ အမှန်ပင်။ သူခိုး ဂျပိုးတွေ၊ ခိုးယူ လုယက်မှုတွေ များများလာတာသာ ကြည့်တော့။ ဒီနှစ် အပိုင်းအခြားမှာ ပိုပြီး များလာခဲ့၏။ ကြင်စိုး လက်ထက်မှာ အရာရာက အဆိုးတွေ များနေခဲ့သည် မလား။ ကောင်းကွက်ကို ဘယ်နားမှ ရှာလို့ မရနေပေ။ ပြည်သူတွေ ခမြာ ကြင်စိုးတို့က တမျိုး၊ သူခိုး ဂျပိုးတွေက တမျိုးနဲ့ ဒုက္ခတွေကြား ဗျာများ နေရတော့၏။

အိမ်တွင်း ပစ္စည်း၊ ဆိုင်ကယ်၊ ကား အို ယုတ်စွအဆုံး မီးကြိုးတွေပါ ဖြတ်ခိုးခံနေရ၏။ မီးကြိုးကတော့ ကိုယ်တွေ့ပင်။ လွန်ခဲ့သော လပိုင်းကမှ အခိုးခံထားခဲ့ရသည်ကိုး။ မီးတွေက မမှန်တော့ မီးပျက်နေချိန်မှာ အခိုးခံရခြင်း ဖြစ်၏။ ညနက်ကြီး မဟုတ် ညဦးပိုင်း ခဏလေးမှာကို ခိုးယူသွားကြခြင်း ဖြစ်၏။ ရဲတင်းလှပေ၏။ ဆိုးသွမ်း လွန်းလှပေ၏။

ပြည်သူတို့၏ အသက်အိုးအိမ် စည်းစိမ်ကို စောင့်ရှောက်ပေးရမည့်သူများ ကိုယ်တိုင်က ပြည်သူတွေကို ဒုက္ခ ပေးနေတော့ ပြည်သူတွေမှာ ကိုယ့်ဟာကိုယ်သာ ကာကွယ် စောင့်ရှောက်နေရ၏။ ကိုယ့် ပစ္စည်း ကိုယ့်ကို ထိန်းသိမ်းနေရ၏။ ဆိုင်ကယ် ခိုးသူတွေကတော့ လက်အသွက်ဆုံး၊ အများဆုံးပင်။ ညဖက် ခြံတံခါး ဖြတ်ပြီး ဝင်ခိုးရုံသာ မက၊ နေ့လည်နေ့ခင်းတွေမှာပင် ပေါ်တင်ကြီးတွေ ခိုးနေတော့၏။ ဆိုင်တွေ ဘာတွေ အကြာကြီး ထိုင်တာမျိုး မဟုတ်၊ ဒီအတိုင်း ပစ္စည်းလေး ခဏဝင်ယူချိန် မျက်ကွယ်လေး တဖြတ်မှာတင် ဆိုင်ကယ် ပါသွားတာမျိုးတွေ ဖြစ်၏။ အသိတယောက်တောင် ထိုပုံစံမျိုးနဲ့ ဆိုင်ကယ် ပါသွားခဲ့၏။

https://images.ecency.com/DQmbgqFA68i5WJpHfyK2BdBRFZnxpV3mx9WNTtxeYrWTR4f/img_0.4460241653770358.jpg

https://images.ecency.com/DQmY3j84E9Lw5eUhgqptb6ybmGQ6CmwNdn4aMFsxVAc4HKe/img_0.8351600648382679.jpg

ဒါတွေကြောင့် ဆိုင်တွေ ဘာတွေပဲ ထိုင်ထိုင်၊ ပစ္စည်း ခဏပဲ ဝယ်ဝယ် ဆိုင်ကယ်ကို မြင်ရတဲ့ နေရာ မှာပဲ ရပ်၏။ တတ်နိုင်သလောက် မိမိနဲ့ အနီးဆုံး မြင်ရသည့် နေရာမှာသာ ရပ်၏။ ဒါတောင် ဆိုင်ထိုင်နေရင်း မကြာခဏ လှမ်းလှမ်း ကြည့်နေရသေး၏။ ဆိုင်ထိုင်ရတာ သက်တောင့်သက်သာ စိတ်သေလက်ချ မရှိပုံ ပြောပါတယ်။

ဒီနေ့ နယ်က သူငယ်ချင်း တယောက် phone ဆက်လာခဲ့၏။ ပစ္စည်း လှမ်းမှာခြင်း ဖြစ်၏။ သော့ ဖြစ်၏။ နယ်မှာ သော့မရှိလို့လား ဆိုတော့ ရှိတော့ ရှိပေမယ့် သူ လိုချင်တဲ့ သော့မျိုး မရှိပေ။ အာမခံ အကြမ်းစား သော့မျိုး ဖြစ်၏။ Solex ဆိုလားပဲ။ ကျနော်လည်း ခုမှ ကြားဖူးသည့် တံဆိပ်ဖြစ်၏။

မနေ့က သူ့ဆိုင်က သော့တွေ ဖျက်ခံရသည် ဆို၏။ ဖွင့်လို့တော့ မရသွားပေ။ ပစ္စည်းတွေတော့ စိတ်ချရသေးသည် ဆို၏။ တိုက်တိုက်ဆိုင်ဆိုင် မနေ့ကမှ CCTV ခလုတ်ကို သွားပြီး ပိတ်ထားမိတော့ ပြန်ကြည့်မရပေ။ ထို့ကြောင့် ကျနော့်ထံ သော့လှမ်း မှာခြင်း ဖြစ်၏။ ယခင် ဝယ်ဖူးသည့် ဆိုင်သွားတော့ မရှိနေပေ။ ဈေးတအားကြီးလို့ မတင်တော့ခြင်း ဖြစ်သည်ဟု ပြောကာ တခြားဆိုင် ညွှန်းလိုက်၏။ ထိုဆိုင်မှာတော့ ရှိ၏။

သူက သော့ကို ၃ စုံတွဲ၊ ၄ စုံတွဲ၊ ၅ စုံတွဲ ထိုသို့ အတွဲလိုက် ဖြစ်၏။ ဈေးနှုန်း တွေ့တော့ မျက်ခုံး ပင့်သွားခဲ့မိ၏။ ၄ ခုပါ၊ ၅ ခုပါ နှစ်မျိုးလုံး ၂ သိန်း ကျော်၏။ သူ ဝယ်သည့် ၅ စုံပါ 45 size က 225500 kyats ပေးရ၏။ သော့ဈေးက ကြောက်စရာပင်။ အင်းလေ safety first လုံခြုံ စိတ်ချရမှုက အရေးကြီးလှသည် မဟုတ်လား။ မိမိ ပစ္စည်းတွေ လုံခြုံ စိတ်ချရဖို့ အတွက် ဒီလောက်တော့ ပေးရ၊ ရင်းထားရပေလိမ့်မည်။


Hashtags 8
A general topic community built around PoB technology and the POB token

Comments

Sort byBest