Half Season Champion

0 comments

donjaun8 hours ago2 min read

EPL Round 19 ၏ ကျန်ရှိနေသေးသည့် ပွဲစဉ် ၄ ပွဲကို ဒီနေ့ မနက် ၁၂ နာရီနှင့် ၂ နာရီခွဲချိန်များတွင် ကစားသွားခဲ့၏။ Crystal Palace vs Fulham, Liverpool vs Leeds တို့က ၁၂ နာရီနှင့် Brentford vs Tottenham, Sunderland vs Man City တို့က ၂ နာရီခွဲတွင် ကစား သွားကြ၏။ ထိုပွဲစဉ် ၄ ပွဲထဲမှာမှ Sunderland vs Man City ပွဲစဉ်ကိုတော့ ပို၍ စိတ်ဝင်စားမိပါ၏။ အစောပိုင်း ပွဲစဉ်များ မပါသဖြင့် ကြည့်ဖြစ်ဖို့တော့ မရှိပေ။ ဒီအတိုင်း ရလဒ်‌၊ Highlights ပြန်ကြည့်ဖို့သာ ရှိ၏။

မနက် ဆွမ်းလောင်း ထ၏။ ထို့နောက် ရလဒ်တွေ ကြည့်မိတော့ အံ့ဩသွား၏။ မနေ့က လုပ်စရာ ကိစ္စလေး ရှိနေသေးတာနဲ့ ည ၁ နာရီလောက်မှ အိပ်ဖြစ်၏။ ၁၂ နာရီပွဲ နှစ်ပွဲ ပထမပိုင်း ရလဒ်တွေ ကြည့်ဖြစ်တော့ ထူးခြားတာ သိပ်မတွေ့ရပေ။ အိပ်ချင်နေသဖြင့် ဆက်စောင့် မကြည့်တော့ဘဲ အိပ်လိုက်၏။

ကျန်နေသည့် ပွဲစဉ် ၄ ပွဲမှာ ၄ ပွဲလုံး သရေရလဒ် ထွက်ပေါ်ခဲ့၏။ ၁ ပွဲသာ 1-1 ဖြစ်ခဲ့ပြီး ကျန် ၃ ပွဲလုံး ဂိုးမရှိသရေကျခဲ့လေ၏။ Man City အနေဖြင့် Sunderland နှင့် အဝေးကွင်းမှာ ဂိုးမသွင်းနိုင်၊ အနိုင်မရယူနိုင်ဘဲ ၃ မှတ်အစား သရေ ၁ မှတ် သာ ရယူနိုင်ခဲ့လေ၏။ ယခုပွဲစဉ် သရေကျမှုကြောင့် Arsenal အသင်းနှင့် ၄ မှတ် ကွာဟသည့် အခြေအနေသို့ ရောက်သွားခဲ့လေ၏။

Arsenal အဖို့ အနီးကပ် ဖိအားပေးနေသည့် အသင်းတွေ၏ လွဲချော်မှုတွေကြောင့် ကျေနပ်ဖွယ် အခြေအနေတခုဟု ဆိုရပေလိမ့်မည်။ Aston Villa ကို 4-1 ဖြင့် အပြတ် ချေမှုန်းပြပြီး ငါတို့က ချန်ပီယံလောင်းတွေ ဒီရာသီမှာ မင်းတို့တွေ ငါတို့ကို ထပ်မံ၍ ဒုက္ခ မပေးနိုင်တော့ကြောင်း ပြသခဲ့၏။ ခု ကပ်လျက်နေရာက City ကပါ သရေကျသွား သဖြင့် Arsenal အနေဖြင့် အကျိုး ဖြစ်ထွန်းသွားခဲ့လေ၏။

Round 19 ထိ ကစားပြီးပြီမို့ ရာသီဝက် ပြီးဆုံးပြီဟု ဆိုရပေမည်။ ရာသီဝက် ချန်ပီယံ အဖြစ် Arsenal တို့ ရပ်တည်နေခဲ့ပါ၏။ နှစ်စဉ် နီးပါး ရာသီဝက် ချန်ပီယံ ဖြစ်ခဲ့ပေမယ့် ရာသီသိမ်းချိန်မှာ ဒုတိယနှင့်သာ ကျေနပ်နေခဲ့ရမှုကို ဒီရာသီမှာတော့ သူတို့ ချေဖျက်ပြဖို့ ကြိုးစားကြပေလိမ့်မည်။ လက်ရှိ ခြေစွမ်းတွေ အရ Arsenal တို့ ချန်ပီယံ ဖြစ်ဖို့ အခွင့်အလမ်းကောင်းနေသည်ဟု ဆိုရမည်။ ကိုယ်တွေ United သာ။

မတည်ငြိမ်သည့် ခြေစွမ်းတွေကြောင့် ဒီရာသီ ချန်ပီယံလိဂ် ဝင်ခွင့်ကို ရယူနိုင်ဖို့က အတော်လေး ကြိုးစားရပေလိမ့်ဦးမည်။ UCL ဝင်ခွင့်အတွက် အဆင့် ၃ မှ အဆင့် ၇ အထိ အသင်းတွေ အကြိတ်အနယ် ဆက်လက် ယှဉ်ပြိုင်သွားရဖို့ ရှိနေ၏။ လာမယ့် ရာသီမှာတော့ ဥရောပပြိုင်ပွဲတွေမှာ United ကို မြင်တွေ့ချင်မိပါ၏။

(photos from Premier League Page)


Hashtags 9
A general topic community built around PoB technology and the POB token

Comments

Sort byBest